ကလေးလေးတွေကို သီချင်းနားထောင်ခိုင်းပါ
သီချင်းဆိုတာက ကလေးလေးတွေ သဘောကျတဲ့ အရာတွေထဲက တစ်ခုပါ။ ဘာမှန်းမသိချိန်မှာကတည်းက သီချင်းဆိုသိပ်မှ အိပ်ကြတာက ကလေးလေး အများစုရဲ့ အလေ့အထပါ။ ပုံမှန် ဒီသီချင်းဆိုပေးမှ အိပ်တယ်ဆိုတဲ့ သားသားမီးမီးတွေတောင် ရှိကြပါသေးတယ်။
သီချင်းနားထောင်တာက လူကြီးတွေကို စိတ်အပန်းပြေစေသလို ကလေးလေးတွေကိုလည်း စိတ်အပန်းပြေစေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ကလေးလေးတွေကို သီချင်း နားထောင်စေတာကနေ ရရှိနိုင်တဲ့ အခြား ကောင်းကျိုးလေးတွေလည်း ရှိပါသေးတယ်။ ဒီတော့ ကလေးလေးတွေကို သီချင်းနားထောင်ခိုင်းပါလို့ ပြောရတဲ့ အကြောင်းအရင်းလေးကို ရှင်းပြပေးချင်ပါတယ်။
သီချင်းနားထောင်တဲ့ ကလေးလေးတွေ ဉာဏ်ပိုကောင်းကြပါတယ်
သီချင်းနားထောင်စေတာက ကလေးတွေကို ပျော်ရွှင်စေရုံတင် မဟုတ်ပါဘူး။ အခုလိုမျိုး အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါတယ်။
· ကလေးတွေရဲ့ အာရုံခံစားမှုကို ကောင်းစေတယ်
အရသာ၊ အထိအတွေ့နဲ့ အရောင်စတာတွေက ကလေးရဲ့ အာရုံခံစားမှုကို ကောင်းစေပါတယ်။ ဒါကြောင့် ကလေးကို သီချင်း နားထောင်ခိုင်းတာက ကလေးရဲ့ ဦးနှောက်ထဲက ဆဲလ်တွေကို ပိုပြီး ဖွံ့ဖြိုးစေပါတယ်။ သီချင်းနားထောင်ရင်း ကတာက ကလေးကို ဖွံ့ဖြိုးမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
· ကလေးရဲ့ မှတ်မိနိုင်စွမ်း တိုးစေတယ်
ကလေးလေးတွေကို ငယ်စဉ်မှာ သီချင်းအမျိုးအစား မျိုးစုံကို နားထောင်စေတာက ကလေးရဲ့ မှတ်မိနိုင်စွမ်းကို တိုးစေနိုင်သလို ကလေးရဲ့ သင်ယူနိုင်စွမ်း၊ ဂဏန်းတွေကို မှတ်မိနိုင်စွမ်းကိုလည်း တိုးစေနိုင်ပါတယ်။ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်စေနိုင်ပြီး မှတ်မိနိုင်စွမ်း တိုးစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
· စိတ်ခံစားမှု ကောင်းစေတယ်
သီချင်းနားထောင်နေချိန်မှာ ကလေးလေးတွေက အေးဆေးနေတာကို မြင်ဖူးမှာပါ။ အကြောင်းကတော့ စီချင်းတွေက ကလေးတွေရဲ့ စိတ်ကို တည်ငြိမ်စေတာကြောင့်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ သဘောပေါ့။ ဒါကြောင့် ကလေးကို စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေ ကင်းစေချင်တယ်ဆိုရင် သီချင်း နားထောင်ခိုင်းပါ။
· ကလေးရဲ့ ဟန်ချက်ညီညီလုပ်ဆောင်နိုင်စွမ်းကို တိုးစေတယ်
ကလေးလေးတွေက သီချင်းရဲ့ စာသားတွေကို နားမလည်ပေမယ့် သံစဉ်တွေနဲ့ စည်းချက်ကျကျ ကတတ်ကြပါတယ်။ ဒါက ဟန်ချက်ညီညီ လုပ်ဆောင်နိုင်တဲ့ သဘောပါ။ ဒါကြောင့် ကလေးလေးတွေကို ငယ်စဉ်မှာ သီချင်း နားထောင်ခိုင်းတာက ကလေးကို ဟန်ချက်ညီ လုပ်ဆောင်နိုင်စေဖိုပ ထောက်ကူပေးနိုင်မှာပါ။
ကလေးရဲ့ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။ ကလေးလေးတွေကို သန်မာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်တာကြောင့် ကလေးလေးတွေကို သီချင်း နားထောင်ခိုင်းပါ။
· စကားလုံးတွေ သိရှိစေတယ်
သီချင်းနားထောင်ရင်း သီချင်းထဲက စာသားတွေကို နားရည်ဝလာတာက ကလေးလေးတွေကို စကားလုံးတွေ သိရှိစေဖို့ ထောက်ကူပေးပြီး ကလေးကို ဝေါဟာရ ကြွယ်ဝစေမှာပါ။ ABCD သီချင်း နားထောင်တာက ကလေးကို ABCD ဆိုတတ်စေဖို့ ထောက်ကူပေးပါတယ်။
· ဘာသာစကားစွမ်းရည် တိုးတက်စေတယ်
သီချင်းတွေကို ဘာသာစကား အမျိုးမျိုးနဲ့ နားထောင်တာက ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်က မှတ်ယူနိုင်စွမ်းတွေ ကောင်းနေချိန်မှာ သီချင်း နားထောင်ခိုင်းတာက ကလေးရဲ့ ဘာသာစကားစွမ်းရည် တိုးတက်စေဖို့ အားဖြည့်ပေးတာပါပဲ။
သီချင်းနားထောင်တာ ထက်မြက်ပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေနိုင်တာကြောင့် ကလေးလေးတွေကို ငယ်စဉ်ကတည်းက သီချင်းနားထောင်တတ်တဲ့ အလေ့အထလေး ပျိုးထောင်ပေးပါ။
ရေးသားသူ - မွန်မွန်